ပိုးသတ်ဆေးတွေ လွယ်လွယ်ဝယ်သောက်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်း ထိခိုက်ခံမလို့လား
ပိုးသတ်ဆေးဆိုတာ အခုခေတ်လူတွေနဲ့ မစိမ်းတော့တဲ့အရာပါ။ ဆေးဆိုင်မှာ၊ လမ်းဘေးကွမ်းယာဆိုင်မှာ "အမောက်စလင်ပေးပါ၊ တက်ထွာဆိုက်ကလင်းပေးပါ" ဆိုပြီး အလွယ်တကူ ပေါပေါများများ သောက်ချင်သလို ဝယ်သောက်နေကြတာရှိသလို စပ်ဆေးဆိုပြီး စပ်ချင်သလို ဆေးစပ်ပြီး ပေးနေကြတဲ့အထဲမှာလည်း ပိုးသတ်ဆေးတွေ ပါနေတတ်ပါတယ်။
ပိုးသတ်ဆေးဟာ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆေးပါ။ ဒါပေမယ့် ပိုးသတ်ဆေးကို မလိုအပ်ဘဲ သောက်ချင်သလို သောက်နေကြတဲ့အခါ ဆေးယဥ်ပြီး ဆေးမတိုးတော့တာကအစ ဆိုးကျိုးတွေ အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေထဲက အစာအိမ်နဲ့ အူလမ်းကြောင်းကို ဘယ်လိုထိခိုက်နိုင်သလဲ ဆိုတာကို ပြောပြချင်ပါတယ်။
Antibiotic associated Diarrhea
ပိုးသတ်ဆေးသောက်သူတွေရဲ့ ၅- ၃၅ ရာခိုင်နှုန်းခန့်က ဝမ်းသွားတတ်ပါတယ်။ ဝမ်းအရည်တွေ မသွားရင်တောင် ဝမ်းပျော့ပျော့သွားတာ၊ မကြာခဏ ဝမ်းသွားတာတွေက ပိုးသတ်ဆေးကြောင့်ပါ။ အများအားဖြင့် ပိုးသတ်ဆေးရပ်လိုက်တဲ့အခါ သို့မဟုတ် ဆေးပတ်ပြည့်သွားတဲ့အခါ ရပ်သွားတတ်ပေမယ့် Clostridium Difficile ပိုးဝင်ရောက်လာပြီး ဝမ်းလျှောခဲ့ရင်တော့ ကုသရပိုခက်တတ်ပါတယ်။
အကျိုးပြုဘက်တီးရီးယား အရေအတွက် နည်းသွားတာ သို့မဟုတ် မရှိတော့တာ…
ခန္ဓာကိုယ်မှာ အထူးသဖြင့် အူတွေထဲမှာ အကျိုးပြု ဘက်တီးရီးယားနဲ့ ပိုးမွှား သန်းပေါင်းများစွာ ရှိပါတယ်။ ပိုးသတ်ဆေးဟာ ပြင်ပက ဝင်လာတဲ့ ဘက်တီးရီးယားတွေအပြင် အကျိုးပြုဘက်တီးရီးယားတွေကိုလည်း သေစေနိုင်လို့ ပိုးသတ်ဆေး မကြာခဏ သောက်လေ့ရှိသူတွေမှာ အကျိုးပြုဘက်တီးရီးယား နည်းပါးခြင်းရဲ့ ရလဒ်ဖြစ်တဲ့ အစာအိမ်နာတာ၊ အစာမကြေတာ၊ လေပွတာ၊ အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်တဲ့ရောဂါ (Irritable Bowel Syndrome - IBS ဖြစ်လာတာတွေ ကြုံရနိုင်ပါတယ်။ ပိုးသတ်ဆေးကို ၅ရက်ကနေ ၁၀ ရက်ခန့် သောက်ရင်တောင် အဆိုပါ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေကို ၂ လခန့် ကြာတဲ့ထိ ကြုံတွေ့ရနိုင်ပါတယ်။
သုတေသနတွေအရ အသက်တစ်နှစ်အောက် ကလေးတွေကို ပိုးသတ်ဆေး မကြာခဏပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်တိုက်ခိုက်တဲ့ Autoimmune Disease တွေ ဖြစ်လာနိုင်သလို ပန်းနာရင်ကြပ်၊ ဓာတ်မတည့်ခြင်းကြောင့် နှာရည်မကြာခဏ ယိုခြင်းနဲ့ အစားအစာ ဓာတ်မတည့်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
အစာအိမ်နဲ့ အူတွေ ပြန်ကျန်းမာလာအောင် ဘာလုပ်ရမလဲ?
- သဘာဝ Probiotics တွေ ဖြစ်တဲ့ ကင်မ်ချီ၊ ချဥ်ဖတ်၊ ကီဖာ၊ ဒိန်ချဥ်၊ Apple Cider Vinegar စတာတွေ စားလို့ရသလို Probiotics ဖြည့်စွက်စာတွေ သောက်လို့လည်း ရပါတယ်။
- အမျှင်ဓာတ်များများပါတဲ့ အသီးအရွက်တွေ၊ အစေ့အဆန်တွေ စားတာကလည်း အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
ဆေးတွေဟာ ဘယ်ဆေးဖြစ်ဖြစ် ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ သောက်တဲ့အခါ အသည်းနဲ့ ကျောက်ကပ်က ပြန်လည်စွန့်ထုတ်ဖို့ အလုပ်ပိုလုပ်ရတဲ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေလည်း ဖြစ်တတ်တာမို့ ဆရာဝန်ညွှန်ကြားချက်နဲ့သာသောက်ကြဖို့နဲ့ ပိုးသတ်ဆေးသုံးစွဲရတဲ့ အခြေအနေမဖြစ်အောင် ကျန်းမာရေးနဲ့ အညီ နေထိုင်စားသောက်ကြဖို့ ပြောချင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်